ငွေလွှဲ၀န်ဆောင်မှုတွင် လိမ်လည်အသုံးပြုမှုကြောင့်ဆုံရှုံးနစ်နာမှုအတွက်လျော်ကြေးပေးခြင်းမူ၀ါဒ

SBI Remit Co., Ltd. (“ကုမ္ပဏီ”) ၏ နိုင်ငံတကာငွေလွှဲဝန်ဆောင်မှု နှင့် နိုင်ငံတကာငွေလွှဲလက်ခံခြင်း ဝန်ဆောင်မှု (စုပေါင်း၍ “ဝန်ဆောင်မှုများ”) ကို ခွင့်ပြုချက်မရှိသည့် အသုံးပြုခြင်းကြောင့် ဖြစ်ပေါ်သည့် ဆုံးရှုံးနစ်နာမှုများအတွက် လျော်ကြေးပေးခြင်းဆိုင်ရာ မူဝါဒမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ ဤနေရာတွင် အခြားတစ်နည်းဖြင့် သီးခြားဖော်ပြထားခြင်းမရှိပါက အသုံးပြုထားသော အသုံးအနှုန်း များ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များသည် နိုင်ငံတကာငွေကြေးလွှဲပြောင်းမှုများအတွက် စည်းမျဉ်းစည်းကမ်း များနှင့်အညီ ဖြစ်စေရမည်။

 

၁။ ဝန်ဆောင်မှုအသုံးပြုသူများအား ဆုံးရှုံးနစ်နာမှုဖြစ်စေနိုင်သည့် သီးခြားအခြေအနေ တစ်ခုချင်းစီအတွက် လျော်ကြေးပေးခြင်း ရှိ/မရှိ၊ အသေးစိတ်အချက်အလက်များနှင့် လျော်ကြေးရရှိရန် လိုအပ်ချက်များ

 

ကုမ္ပဏီက ဝန်ဆောင်မှုသုံးစွဲသူအဖွဲ့ဝင် (“အဖွဲ့ဝင်”) တစ်ဦးအနေဖြင့် ဆုံးရှုံးနစ်နာမှုများ ကြုံတွေ့နိုင်သည်ဟု ယူဆသည့် အခြေအနေများမှာ အောက်ပါအတိုင်းဖြစ်သည် –

 

(၁) နိုင်ငံတကာငွေလွှဲဝန်ဆောင်မှုတွင်၊ မသမာသော ပြင်ပပုဂ္ဂိုလ်တစ်ဦးသည် စကားဝှက် သို့မဟုတ် အခြားအချက်အလက်များကို တရားမဝင်ရယူခြင်းဖြင့် အသုံးပြုသူအဖြစ် ဟန်ဆောင်ကာ ငွေလွှဲအရံငွေစာရင်း (remittance reserve account) ရှိ လက်ကျန်ငွေကို တရားမဝင် လွှဲပြောင်းခြင်း သို့မဟုတ် ထုတ်ယူခြင်း၊ သို့မဟုတ်

(၂) နိုင်ငံတကာငွေလွှဲလက်ခံခြင်းဝန်ဆောင်မှုတွင်၊ မသမာသော ပြင်ပပုဂ္ဂိုလ်တစ်ဦးသည် ကိုးကားနံပါတ် (reference number) စသည်တို့ကို တရားမဝင်ရယူခြင်းဖြင့် အဖွဲ့ဝင်အဖြစ် ဟန်ဆောင်ကာ လွှဲပြောင်းငွေများကို လိမ်လည်၍ လက်ခံရယူခြင်း။

 

အထက်ပါကိစ္စရပ်များတွင် ဖြစ်ပေါ်သည့် ဆုံးရှုံးနစ်နာမှုအတွက် အဖွဲ့ဝင်တစ်ဦးအား ပေးအပ်နိုင်သည့် လျော်ကြေးမှာ အောက်ပါအတိုင်းဖြစ်သည် –

 

အကယ်၍ ဆုံးရှုံးနစ်နာမှုသည် ကုမ္ပဏီ၏ တမင်ရည်ရွယ်ပြုလုပ်မှု သို့မဟုတ် ပေါ့ဆမှုကြောင့် ဖြစ်ပွားခဲ့ပါက၊ ကုမ္ပဏီသည် နိုင်ငံတကာငွေကြေးလွှဲပြောင်းမှုဆိုင်ရာ စည်းမျဉ်း စည်းကမ်းများနှင့်အညီ အဖွဲ့ဝင်၌ဖြစ်ပေါ်ခဲ့သော ဆုံးရှုံးနစ်နာမှုအတွက် လျော်ကြေးပေးမည် ဖြစ်သည်။ ကုမ္ပဏီသည် အဖွဲ့ဝင်၏ ပေါ့ဆမှုအတိုင်းအတာကို ထည့်သွင်းစဉ်းစားပြီးနောက် ဆုံးရှုံးနစ်နာမှုအတွက် နောက်ဆုံးလျော်ကြေး ပမာဏကို ဆုံးဖြတ်မည်ဖြစ်သည်။ သို့ရာတွင်၊ အဖွဲ့ဝင်သည် ကုမ္ပဏီမဟုတ်သည့် အခြားမည်သည့် ပုဂ္ဂိုလ်/အဖွဲ့အစည်းထံမှမဆို လျော်ကြေးရရှိထားပါက၊ ထိုသို့ရရှိထားသော လျော်ကြေးပမာဏကို ကုမ္ပဏီမှ ပေးချေမည့် လျော်ကြေးမှ ခုနှိမ်ရမည်။

 

အောက်ပါကိစ္စရပ်များတွင် ဆုံးရှုံးနစ်နာမှု၏ တစ်စိတ်တစ်ပိုင်း သို့မဟုတ် အားလုံးအတွက် လျော်ကြေးပေးအပ်ခြင်း မပြုနိုင်ပါ –

  •  ・အထက် နံပါတ် (၁) ပါ ကိစ္စရပ်တွင်၊ အဖွဲ့ဝင်သည် စကားဝှက် သို့မဟုတ် အခြားအချက်အလက်များကို မှားယွင်းစွာ စီမံခန့်ခွဲခဲ့ခြင်း၊
  •  ・အထက် နံပါတ် (၂) ပါ ကိစ္စရပ်တွင်၊ အဖွဲ့ဝင် သို့မဟုတ် ငွေလွှဲတောင်းဆိုသူသည် ကိုးကားနံပါတ်ကို မှားယွင်းစွာ စီမံခန့်ခွဲခဲ့ခြင်း၊
  •  ・ဆုံးရှုံးနစ်နာမှုသည် အဖွဲ့ဝင်၏ တမင်ရည်ရွယ်ပြုလုပ်မှု သို့မဟုတ် ပေါ့ဆမှုကြောင့် ဖြစ်ပွားခဲ့ခြင်း၊
  •  ・ဆုံးရှုံးနစ်နာမှုသည် အဖွဲ့ဝင်နှင့် တစ်အိမ်တည်းနေ မိသားစုဝင်တစ်ဦး သို့မဟုတ် အဖွဲ့ဝင်၏ ဆွေမျိုးများ စသည်တို့၏ ပြုမူဆောင်ရွက်မှုကြောင့် ဖြစ်ပွားခဲ့ခြင်း၊
  •  ・အဖွဲ့ဝင်သည် အဆိုပါဆုံးရှုံးနစ်နာမှုအခြေအနေနှင့်ပတ်သက်၍ ကုမ္ပဏီသို့ မှားယွင်းသော ရှင်းလင်းချက် ပေးခဲ့လျှင်၊ သို့မဟုတ် အဖြစ်မှန်များအား ကုမ္ပဏီမှ စုံစမ်းစစ်ဆေးရာတွင် ပူးပေါင်းဆောင်ရွက်ရန် ပျက်ကွက်ခဲ့ခြင်း၊ သို့မဟုတ်
  •  ・ဆုံးရှုံးနစ်နာမှုသည် စစ်ပွဲ၊ အဓိကရုဏ်း၊ သို့မဟုတ် အခြားလူမှုရေးမငြိမ်မသက်မှုများကြောင့် ဖြစ်ပွားခဲ့ခြင်း။

 

၂။ ဝန်ဆောင်မှုသုံးစွဲသူအဖွဲ့ဝင်မဟုတ်သူတစ်ဦးအား ဆုံးရှုံးနစ်နာမှုဖြစ်စေနိုင်သည့် သီးခြား အခြေအနေ တစ်ခုချင်းစီအတွက် လျော်ကြေးပေးခြင်း ရှိ/မရှိ၊ အသေးစိတ် အချက်အလက်များ၊ လျော်ကြေးရရှိရန် လိုအပ်ချက်များ၊ နှင့် ကုမ္ပဏီနှင့် ၎င်း၏မိတ်ဖက်များ အကြား လျော်ကြေးခွဲဝေမှုဆိုင်ရာ ကိစ္စရပ်များ

ကုမ္ပဏီက ဝန်ဆောင်မှုသုံးစွဲသူအဖွဲ့ဝင်မဟုတ်သူ (“အဖွဲ့ဝင်မဟုတ်သူ”) တစ်ဦး အနေဖြင့် ဆုံးရှုံးနစ်နာမှုများ ကြုံတွေ့နိုင်သည်ဟု ယူဆသည့် အခြေအနေများမှာ အောက်ပါအတိုင်းဖြစ်သည် –

 

(၁) မသမာသော ပြင်ပပုဂ္ဂိုလ်တစ်ဦးသည် အဖွဲ့ဝင်မဟုတ်သူအဖြစ် ဟန်ဆောင်၍ ဝန်ဆောင်မှုသုံးစွဲသူအဖွဲ့ဝင်အဖြစ် မှတ်ပုံတင်ပြီးနောက်၊ ငွေလွှဲအရံငွေ စာရင်းကို အဖွဲ့ဝင်မဟုတ်သူအမည်ဖြင့်ဖွင့်ထားသော ငွေစုဘဏ်စာရင်း (deposit account) နှင့် စာရင်းလွှဲပြောင်းခြင်း (account transfer) မှတစ်ဆင့် ချိတ်ဆက်ကာ၊ ထိုမှတစ်ဆင့် အဖွဲ့ဝင်မဟုတ်သူအမည်ဖြင့်ဖွင့်ထားသော ငွေစုဘဏ်စာရင်းရှိ လက်ကျန်ငွေကို ခွင့်ပြုချက်မရှိသည့် ငွေလွှဲမှု သို့မဟုတ် ထုတ်ယူမှု ဖြစ်စေခဲ့ခြင်း။

 

အထက်ပါကိစ္စရပ်များတွင် ဖြစ်ပေါ်သည့် ဆုံးရှုံးနစ်နာမှုအတွက် အဖွဲ့ဝင်မဟုတ်သူအား ပေးအပ်နိုင်သည့် လျော်ကြေးမှာ အောက်ပါအတိုင်းဖြစ်သည် –

 

အဆိုပါဆုံးရှုံးနစ်နာမှုကို ဖြစ်စေခဲ့သော ငွေကြေးလွှဲပြောင်းမှုအတွက် အဖွဲ့ဝင်မဟုတ်သူအမည်ဖြင့် ဖွင့်ထားသော ငွေစုဘဏ်စာရင်းမှ စာရင်းလွှဲပြောင်းခြင်းဖြင့် တရားမဝင် လွှဲပြောင်းခဲ့သည့် သို့မဟုတ် ထုတ်ယူခဲ့သည့် ပမာဏအတွက် လျော်ကြေးပေးအပ်မည်ဖြစ်သည်။ ကုမ္ပဏီသည် ဂျပန်ဘဏ် လုပ်ငန်းရှင်များအသင်းမှ ထုတ်ပြန်သည့် အွန်လိုင်းဘဏ်စနစ်အသုံးပြု၍ ခွင့်ပြုချက်မရှိသည့် ငွေထုတ်ယူမှုများအတွက် လျော်ကြေးပေးခြင်းဆိုင်ရာ လမ်းညွှန်ချက်များတွင် ဖော်ပြထားသော လျော်ကြေးပေးခြင်းဆိုင်ရာ သဘောတရားအပေါ် အခြေခံ၍ အဖွဲ့ဝင်မဟုတ်သူအား လျော်ကြေး ပေးသင့်/မပေးသင့် နှင့် လျော်ကြေးပေးမည့်အတိုင်းအတာကို ထည့်သွင်းစဉ်းစားမည်ဖြစ်သည်။ အဖွဲ့ဝင်မဟုတ်သူသည် ကုမ္ပဏီမဟုတ်သည့် အခြားမည်သည့်ပုဂ္ဂိုလ်/အဖွဲ့အစည်းထံမှမဆို လျော်ကြေး ရရှိထားပါက၊ ထိုသို့ရရှိထားသော လျော်ကြေးပမာဏကို ကုမ္ပဏီမှ ပေးချေမည့် လျော်ကြေးမှ ခုနှိမ်ရမည်။

 

ကုမ္ပဏီသည် မူအရ၊ အဖွဲ့ဝင်မဟုတ်သူများထံမှ လျော်ကြေးနှင့်ပတ်သက်သည့် စုံစမ်းမေးမြန်းမှုများကို လက်ခံဆောင်ရွက်မည်ဖြစ်ပြီး၊ လျော်ကြေးပေးခြင်းကို ကုမ္ပဏီ၏မိတ်ဖက်များနှင့် တိုင်ပင်ဆွေးနွေး ပြီးနောက် ဆောင်ရွက်မည်ဖြစ်သည်။ ကုမ္ပဏီနှင့် မိတ်ဖက်များအကြား လျော်ကြေးခွဲဝေမှုကို အဆိုပါမိတ်ဖက်များနှင့် တိုင်ပင်ဆွေးနွေး၍ တာဝန်ရှိသည်ဟု သတ်မှတ်နိုင်သောအကြောင်းရင်းများ ရှိ/မရှိ သို့မဟုတ် အတိုင်းအတာကို ထည့်သွင်းစဉ်းစားကာ ဆုံးဖြတ်မည်ဖြစ်သည်။

 

အောက်ပါကိစ္စရပ်များတွင် ဆုံးရှုံးနစ်နာမှု၏ တစ်စိတ်တစ်ပိုင်း သို့မဟုတ် အားလုံးအတွက် လျော်ကြေး ပေးအပ်ခြင်း မပြုနိုင်ပါ –

  •  ・ဆုံးရှုံးနစ်နာမှုသည် အဖွဲ့ဝင်မဟုတ်သူ၏ တမင်ရည်ရွယ်ပြုလုပ်မှု သို့မဟုတ် ပေါ့ဆမှု ကြောင့် ဖြစ်ပွားခဲ့ခြင်း၊
  •  ・ဆုံးရှုံးနစ်နာမှုသည် အဖွဲ့ဝင်မဟုတ်သူနှင့် တစ်အိမ်တည်းနေ မိသားစုဝင်တစ်ဦး သို့မဟုတ် အဖွဲ့ဝင်မဟုတ်သူ၏ ဆွေမျိုးများ စသည်တို့၏ ပြုမူဆောင်ရွက်မှုကြောင့် ဖြစ်ပွားခဲ့ခြင်း၊
  •  ・အဖွဲ့ဝင်မဟုတ်သူသည် အဆိုပါဆုံးရှုံးနစ်နာမှုအခြေအနေနှင့်ပတ်သက်၍ ကုမ္ပဏီသို့ မှားယွင်းသောရှင်းလင်းချက် ပေးခဲ့လျှင်၊ သို့မဟုတ် အဖြစ်မှန်များအား ကုမ္ပဏီမှ စုံစမ်းစစ်ဆေးရာတွင် ပူးပေါင်းဆောင်ရွက်ရန် ပျက်ကွက်ခဲ့ခြင်း၊ သို့မဟုတ်
  •  ・ဆုံးရှုံးနစ်နာမှုသည် စစ်ပွဲ၊ အဓိကရုဏ်း၊ သို့မဟုတ် အခြားလူမှုရေးမငြိမ်မသက်မှု များကြောင့် ဖြစ်ပွားခဲ့ခြင်း။

 

၃။ လျော်ကြေးတောင်းခံခြင်းဆိုင်ရာ လုပ်ငန်းစဉ်အသေးစိတ်

ခွင့်ပြုချက်မရှိသော ငွေကြေးလွှဲပြောင်းမှုကြောင့် ဖြစ်ပေါ်သည့် ဆုံးရှုံးနစ်နာမှုအတွက် အဖွဲ့ဝင်တစ်ဦး သို့မဟုတ် အဖွဲ့ဝင်မဟုတ်သူတစ်ဦးက ကုမ္ပဏီထံမှ လျော်ကြေးတောင်းခံသည့်အခါ၊ အဆိုပါ အဖွဲ့ဝင် သို့မဟုတ် အဖွဲ့ဝင်မဟုတ်သူသည် ဆုံးရှုံးနစ်နာမှုဖြစ်ပွားသည့်နေ့မှ ရက်ပေါင်း ခြောက်ဆယ် (၆၀) အတွင်း အပိုင်း ၄ တွင် သတ်မှတ်ဖော်ပြထားသော တိုင်ပင်ဆွေးနွေးရေးဌာနသို့ ဆက်သွယ်ရမည် ဖြစ်ပြီး၊ ကုမ္ပဏီမှ သတ်မှတ်ထားသော လျော်ကြေးလျှောက်လွှာပုံစံတွင် အောက်ပါအသေးစိတ် အချက်အလက်များကို ဖော်ပြ၍ အဖြစ်မှန်များကို အတည်ပြုနိုင်မည့် သက်သေခံစာရွက်စာတမ်းများကို ပူးတွဲတင်ပြရမည် –

  •  ・(၁) ဆုံးရှုံးနစ်နာမှုနှင့် သက်ဆိုင်သော ငွေကြေးလွှဲပြောင်းမှု အသေးစိတ်၊
  •  ・(၂) ဖြစ်ပေါ်ခဲ့သော ဆုံးရှုံးနစ်နာမှုပမာဏ၊
  •  ・(၃) ဆုံးရှုံးနစ်နာမှု ဖြစ်ပေါ်ခဲ့သည့် အခြေအနေမှန်များနှင့် ဖြစ်စဉ်များ၊ နှင့်
  •  ・(၄) ကုမ္ပဏီမှ အကြောင်းကြားရန် တောင်းဆိုထားသော အခြားကိစ္စရပ်များ။

ထို့အပြင် အဖွဲ့ဝင် သို့မဟုတ် အဖွဲ့ဝင်မဟုတ်သူသည် ဆုံးရှုံးနစ်နာမှုကို ရဲတပ်ဖွဲ့သို့ တိုင်ကြားရမည်။

 

၄။ လျော်ကြေးနှင့်ပတ်သက်၍ တိုင်ပင်ဆွေးနွေးရန်ဌာန / ဆက်သွယ်ရန်အချက်အလက်

လျော်ကြေးနှင့်ပတ်သက်၍ မည်သည့်စုံစမ်းမေးမြန်းမှုများအတွက်မဆို အောက်ပါတိုင်ပင်ဆွေးနွေးရေး ဌာနသို့ ဆက်သွယ်နိုင်ပါသည် –

 

SBI Remit Co., Ltd. – Customer Center

4F Sumitomo Fudosan Otowa Bldg., 2-9-3 Otsuka, Bunkyo-ku, Tokyo 112-0012

Tel: 03-5652-6759

E-mail: support@remit.co.jp

(ရုံးဖွင့်ရက်များ) ၉:၀၀ – ၁၈:၀၀ (ဂျပန်စံတော်ချိန်)

(နှစ်ကုန်ပိုင်း၊ နှစ်သစ်ကူးရုံးပိတ်ရက်များနှင့် ကုမ္ပဏီမှ သတ်မှတ်ထားသော ရုံးပိတ်ရက်များတွင် ပိတ်သည်)

 

၅။ ခွင့်ပြုချက်မရှိသော ငွေကြေးလွှဲပြောင်းမှုများအား ထုတ်ဖော်ကြေညာခြင်းဆိုင်ရာ စံသတ်မှတ်ချက်များ

အထက်ပါ ခွင့်ပြုချက်မရှိသော ငွေကြေးလွှဲပြောင်းမှုတစ်စုံတစ်ရာ ဖြစ်ပွားခဲ့ပါက၊ အောက်ပါအချက်များ အရ ကုမ္ပဏီက လိုအပ်သောအချက်အလက်များကို ထုတ်ဖော်ပြောကြားရန် လိုအပ်သည်ဟု ယူဆပါက ချက်ချင်း ထုတ်ဖော်ကြေညာနိုင်သည် –

(၁) ဆုံးရှုံးနစ်နာမှု ပိုမိုပျံ့နှံ့ဆိုးရွားမှုမရှိစေရန် တားဆီးမှုလိုအပ်ခြင်း၊

(၂) အလားတူဖြစ်ရပ်များ ထပ်မံမဖြစ်ပွားစေရန်နှင့် ရှောင်ရှားနိုင်သည့် အကျိုးကျေးဇူးရှိခြင်း၊ သို့မဟုတ်

(၃) အဆိုပါခွင့်ပြုချက်မရှိသော ငွေကြေးလွှဲပြောင်းမှုများ၏ သဘောသဘာဝအရ လူမှုရေးထိခိုက်မှု ကြီးမားနိုင်ခြင်း။

 

နိဂုံး။
SBI Remit Co., Ltd.
ပြဌာန်းသည့်နေ့စွဲ။ ၂၀၂၁ ခုနှစ်၊ ဧပြီလ ၃၀ ရက်
ပြင်ဆင်သည့်နေ့စွဲ။ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်
ပြင်ဆင်သည့်နေ့စွဲ။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်